International News

အိန္ဒိယ၌ဆေးပစ္စည်းများ ပြည်ပတင်ပို့မှုအပေါ် အစိုးရ၏တားမြစ်ပိတ်ပင်ထားမှုအား ဖြေလျော့ ပေးရန် ဒေသတွင်းနိုင်ငံများက တောင်းဆိုခြင်း

Last Updated:

တစ်ကိုယ်ရေသုံး ရောဂါပိုးမွှားကာကွယ်ရေး ဝတ်စုံပစ္စည်းများ ဝယ်ယူလိုကြောင်း တရုတ်နိုင်ငံနှင့် ဟောင်ကောင်ဒေသတို့ရှိ ကုန်သည်များထံမှ အမှာစာ များစွာအား ပြည်တွင်းရှိ ကုန်ထုတ် လုပ်ငန်းရှင်များက လက်ခံရရှိခဲ့ပြီးနောက် ပြည်တွင်း၌ အဆိုပါပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အတွက် ၃၁.၁.၂၀၂၀ နေ့မှစတင်၍ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ၌ အသုံးပြုသည့် ဆေးရုံသုံးပစ္စည်းများနှင့် အချို့သောဆေးဝါးများအား ပြည်ပသို့တင်ပို့မှု မှ တားမြစ်ကန့် သတ်ခြင်းကို အိန္ဒိယအစိုးရက ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန်မှ မတ်လကုန်အထိ (၂) လတာအတွင်း အိန္ဒိယ ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ (၆) စောင် ထုတ်ပြန်လျက် PPE ရောဂါပိုးကာကွယ်ရေးဝတ်စုံများ၊ Coveralls (Class 2/3/4), N95, Surgical, Disposible (2/3 Ply) စသည့် အတန်းအစားစုံ နှာခေါင်းစည်း (Masks) များ၊ ၎င်းဝတ်စုံနှင့်နှာခေါင်းစည်းများချုပ်လုပ်ရာတွင် အသုံးပြုသည့် ချည်ထည်ကုန်ကြမ်းများ၊ NBR Gloves လက်အိတ်များ၊ Ventilators အသက်ရှူကိရိယာများ၊ Sanitizers သန့်စင်ဆေးရည်များနှင့် ငှက်ဖျားရောဂါကုသရာတွင် အသုံး ပြုလေ့ရှိသော ကလိုရိုကွင်းပါဝင်သည့်ဆေးဝါးများအား ပြည်ပသို့တင်ပို့ခြင်းမှ တားမြစ်ပိတ်ပင်ခဲ့ပါသည်။ ထို့အပြင် ပါရာစီတမော၊ ဗီတာမင် ဘီ-၁၊ ဘီ-၆ နှင့် ဘီ-၁၂ စသည်တို့ အပါအဝင် 8 digit HS Code လိုင်းပေါင်း ၂၆ ခုရှိ ဇီဝလှုံ့ဆော်မှုရှိသည့်ဆေးပစ္စည်း (Active Pharmaceutical Ingredient - API) များအား  ပြည်ပသို့ လွတ်လပ်စွာတင်ပို့ခွင့်ပြုသည့်စာရင်းမှ ကန့်သတ်တင်ပို့ ခွင့်ပြုသည့်စာရင်းသို့ ပြောင်းလဲသည့် အမိန့်ကြော်ငြာစာကိုလည်း မတ်လအတွင်း၌ ထုတ်ပြန်ခဲ့ပါသည်။

သို့ရာတွင် ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအရှိန် မြင့်တက်လျက်ရှိပြီး ရောဂါကာကွယ်ထိန်းချုပ် ကုသရာတွင် လိုအပ်သော ဆေးဝါးများ ပြတ်တောက်မှု ဖြစ်ပေါ်လာနိုင်ချေရှိသည့်အပေါ် ဒေသတွင်းနိုင်ငံများက စိုးရိမ်လျက်ရှိကြောင်း၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အင်ဒိုနီးရှားနှင့် တောင်အာရှဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SAARC) ရှိ နိုင်ငံများက အိန္ဒိယ၏ ဆေးပစ္စည်းများပြည်ပတင်ပို့မှု တားမြစ်ပိတ်ပင်ထားခြင်းအား ဖြေလျော့ပေးရန် တရား ဝင်တောင်းဆိုခဲ့ကြကြောင်း သိရှိရပါသည်။

အိန္ဒိယသည် တောင်အာရှဒေသတွင်း၌ API ကဲ့သို့သော ပဋိဇီဝဆေးများအပါအဝင် အခြားဆေးဝါးနှင့် ဆေးကုသမှုဆိုင်ရာ ပစ္စည်းများကို ထုတ်လုပ်သည့် အဓိကနိုင်ငံတစ်ခုဖြစ်ပါသည်။ သို့ရာတွင် ၎င်း၏ဆေးနှင့်ဆေးပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်းများအား ပေးသွင်းလျက် ရှိသည့် တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဂယက်ကြောင့် ဆေးဝါး ထုတ်လုပ်မှုလုပ်ငန်းများ ရပ်ဆိုင်းသွားချိန်၌ ပြည်တွင်းလိုအပ်ချက်အား ထိခိုက် မှုမရှိစေရန် အထက်ပါအတိုင်း တားမြစ်ကန့်သတ်သည့် အမိန့်များ ထုတ်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအား အတန်အသင့်ထိန်းချုပ်လာနိုင်ပြီး ကုန်ထုတ်လုပ်ငန်းများ ပြန်လည်ဆောင်ရွက်လာပြီဖြစ်ရာ ဆေးပစ္စည်းများ ပြည်ပတင်ပို့မှုအား တားမြစ်ထားခြင်းက ၎င်းတို့၏ အနာဂတ်ဈေးကွက်ဝေစု ဆုံးရှံးနိုင်ဖွယ်ရှိသည့် အခြေအနေကို အိန္ဒိယဆေးဝါး လုပ်ငန်းရှင်များက ထောက်ပြလျက်ရှိကြောင်း၊ ၁.၄.၂၀၂၀ နေ့၌ အိန္ဒိယကူးသန်း ရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီး Mr. Piyush Goyal နှင့် တွေ့ဆုံ ဆွေးနွေးရာတွင် ကုန်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုများရှိနေသည့်အပေါ် ဖြေလျော့မှုများပြုလုပ်ပေးရန် အိန္ဒိယဆေးဝါးထုတ်လုပ်မှု လုပ်ငန်းရှင်များက တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         Coronavirus fallout: India at the heart of global pharmaceutical worry, 2 Apr 2020, India Today

Category: International News